Wednesday, January 11, 2017

ချစ်သောရန်ကုန်။


Credit : https://goo.gl/images/1GA3or


မနက်နိုးပြီဆိုတာနဲ့ အရင်လို စာကလေးအသံ တကျိကျိကြားရမယ့်အစား လမ်းသွယ်ထဲမှာတောင် ကားဟွန်းသံ ဆူညံဆူညံနဲ့ လူးလွန့်လာရတယ်..

သက်ပြင်းဖွဖွချရင်း တကုပ်ကုပ်နဲ့ ဈေးသွားသူတွေ ထမင်းချိုင့်ဆွဲပြီး လစာထုတ်ရက် လက်ချိုးရေရင်း လုပ်ငန်းခွင်ဝင်သူတွေ မနက်ဝေလီဝေလင်း အိပ်မှုန်စုံဝါး ကျောင်းကားစီးရင်း ကျောင်းတက်နေသူတွေ ကျွန်တော်ချစ်တဲ့ ရန်ကုန်က အရင်လို မလှပတော့ဘဲ အသက်မဲ့မျက်နှာတွေနဲ့ စင်ကာပူလို စက်ရုပ်လူသားတွေ နေထိုင်ရာ မြို့ကြီးဖြစ်နေရပြီ..

ကျွန်တော်မှတ်ညာဏ်မှာ ရှင်သန်နေတဲ့ရန်ကုန်က စာကလေးအသံတစီစီ ကြေးစည်သံတဝေဝေ ဟော့ဒီကပဲပြုပ်ဆိုတဲ့အသံ ကောက်ညှင်းပေါင်းပူပူလေးဆိုတဲ့
အသံတစာစာနဲ့ သက်ရှိလူသားတွေ မျက်စိနှစ်လုံးပွင့်လာရတဲ့ မြို့ပြပါ..

မနက်ဝေလီဝေလင်း သနပ်ခါးအဖွေးသားနဲ့ ဈေးသွားသူတွေ လက်ဆွဲခြင်းတောင်းကိုယ်စီနဲ့ အိမ်မက်တွေ ပွေ့ဖက်ရင်း အလုပ်သွားကျသူတွေ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ စကားတွေဖောင်ဖွဲ့ အပြုံးကိုစီနဲ့ ကျောင်းတက်ကျသူတွေ အဲ့လိုမြင်ကွင်းက ကျွန်တော့်တစ်သက် မမြင်ရနိုင်တော့ပါဘူးဗျာ..

တိုးတက်တယ်ဆိုတာ ရုပ်ဝတ္တုလား စိတ်ဓါတ်လား ဝေခွဲမရပေမယ့် ကျွန်တော်ကတော့ ဆုတောင်းလို့ရရင် အရင်ကရန်ကုန်ကို ပြန်လိုချင်မိပါတယ်..

တနေ့တနေ့ ဟိုနားဒီနား ထိုးထွက်လာတဲ့ ဈေးဝယ်စင်တာတွေ လူ့မလိုင်တွေ နေထိုင်တဲ့ မိုးပျံတိုက်တွေ ဟွန်းသံတတီတီနဲ့ ဆူပွက်နေတဲ့ လမ်းမကြီးတွေ ဘေးချင်းကပ်အခန်းကနေ ငရုပ်သီးတစ်တောင့် မတောင်းရဲတဲ့ စာကလေးအိမ်သာသာ လူနေတိုက်ခန်းမှာ ပြုံသုန်နေရသူတွေ မွန်းကြပ်မှုကလက်တွေ့ဘဝမဆိုနဲ့ စာရေးရင်းနဲ့တောင် ကျွန်တော်အသက်ရှုကြပ်လာတယ်..

၁၆ရက်နေ့ ကားလိုင်းတွေပြောင်းပြီ ငါအလုပ်သွားရင် အဆင်ပြေပါ့မလား အချိန်ဘယ်လောက်တောင်ပေးရမလဲ ကားကတော့အရင်လိုများပါ့မလား ငါးပိသိပ်ငါးချဉ်သိပ်စီးနေရမလား တာမွေလို ရန်ကုန်မြို့လယ်ခေါင်နဲ့မေနီးမဝေးမှာနေနေရတဲ့ ကျွန်တော်က မြို့သစ်တွေမှာနေနေရတဲ့ လူတွေကိုမှ အားမနာ ကားစီးဖို့ကိုစိုးရိမ်စိတ်တွေဝင်လာတာ ဩော် ပြောင်းပြန်ပြီပေါ့ ချစ်တဲ့မြို့ရယ်..

ငယ်ငယ်ကဆို ကျွန်တော်ရန်ကုန်မြို့လယ်ခေါင်မှာနေချင်လို့ စိတ်ကူးယဉ်ခဲ့ဘူးတာ အိမ်ရဲ့စီးပွားရေးအခြေအကြောင့် လုံးချင်းအိမ်လေးရောင်းပြီး မိသားစုလိုက်တိုက်ခန်းစပြောင်းတော့ ကျွန်တော်ပျော်ခဲ့သေးတယ် လူကတဖြည်းဖြည်းအရွယ်ရောက်လာတော့ မြေကြီးကို တန်ဘိုးထားတက်လာတယ် မြေကြီးတန်ဘိုး နားလည်လာတယ် အခုအချိန်မှာ မြေကြီးပေါ်တဲထိုးနေမယ်ဆိုတောင် ကျွန်တော်နေဖို့မတက်နိုင်တော့ပါဘူး..

အချိန်က စကားပြောလာသလို အသက်ကလဲ စကားပြောလာတယ် ကျွန်တော်တစ်ခါတလေ ရန်ကုန်မြို့အပြင်ထွက်ခဲ့ရင် အနှောင်အဖွဲ့ကနေ လွတ်သွားသလို ခံစားမိတယ် တိုက်ခန်းမှာနေနေရတဲ့ခွေးကလေး ပန်းခြံထဲရောက်သွားသလိုပဲဗျာ တကယ်ကို လွတ်လပ်သွားတာ မွန်းကြပ်တယ်ဆိုတဲ့ခံစားမူကို အဲ့အချိန်ကျမှ လက်တွေ့ကျကျ ခံစားနားလည်သွားတာ..

ရန်ကုန်မြို့ကြီးကို သစ္စာဖေါက်မိသလို ကျွန်တော်ခံစားရပါတယ်
ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြင်း ရန်ကုန်မှာလူဖြစ်ခဲ့ပြီးမှ
ရန်ကုန်ကိုစွန့်ခွာချင်တာ ကျွန်တော်မတရားပါဘူး..

တနေ့တနေ့ သူတို့အခေါ်အဝေါ် မြို့ပြရဲ့ဖွံ့ဖြိုးတိုးတက်တာတွေထက် စိတ်မချမ်းမသာ တွေမြင်နေရတဲ့ ဖြိုချခံလိုက်ရတဲ့ လုံးချင်းအိမ်တွေ ခုတ်လှဲခံလိုက်ရတဲ့ အရိပ်ရသစ်ပင်တွေ ကွန်ကရိတွေဝါးမြိုလိုက်တဲ့ မြေသားလမ်းသွယ်တွေ ကျွန်တော်ဘယ်လိုမှ ဆက်မနေချင်တော့လာက်အောင် ခြောက်လှန့်နေသလိုပါပဲဗျာ။


စာရေးချင်စိတ်မရှိတာနဲ့ ပြစ်ထားလိုက်ရင် ရေးလက်စ ဒီ post ကို ဆက်ရေးဖြစ်တော့မှာမဟုတ်ဘဲ ဖျက်ပြစ်လိုက်မိမှာမို့လို့ ဒီညအပြီးသတ်ရေးလိုက်ပါတယ် သိပ်တော့မကြိုက်ဘူးဗျာ နောက်တစ်ခါ စာရေးချင်စိတ်ပေါ်လာတာနဲ့ ချက်ချင်းရေးဖြစ်အောင်ကြိုးစားပါမယ်ခင်ဗျာ။







No comments: