Friday, January 13, 2017

အချစ်ဦး




ပြန်တွေးကြည့်ရင် ခုန်ခုန်သံ နွေးထွေးနေဆဲပါပဲ ခက်တာက ကျွန်တော့်အတွက် အချစ်ဦးဆိုတာ တိတိကျကျ ပုံဖော်လို့မရတာ..

သစ်ရွက်ကြွေရင်တောင် ရယ်တက်တဲ့အထက်တန်းကျောင်းသား အရွယ်လား ဒါမှမဟုတ် တက္ကသိုလ်ဆိုတဲ့ ဘဝကျောင်းတော်လို့ ခင်ဗျားတို့တင်စားခဲ့တဲ့ အရွယ်တော်၂၅ပိုင်းလား ကျောင်းပြီးလို့ ရေစက်ချလုပ်ငန်းခွင်ဝင် ဘဝဆိုတာကို အရှင်လတ်လတ်စမြင်ရတဲ့ လူလတ်ပိုင်းအချိန်လား အချစ်ဦးဆိုတာ အရွယ်လွန်မှ ရင်ခုန်ရမှန်းသိလိုက်ရတဲ့ကျွန်တော် သူများတွေထက် လူဖြစ်နောက်ကျလိုက်တာ..

ခပ်ရေးရေးတော့ ရင်ခုန်လို့ရပါတယ် ကျွန်တော်၈တန်းကျောင်းသားဘဝက ကျွန်တော့်မော်နီတာကို ရင်ခုန်ဘူးတယ်ဗျ လည်ကတုံးအကျီင်္လက်ရှည် အဖြူဖွေးဖွေးကို လက်ကြယ်သီးတပ်ပြီး အမြဲဝတ်တက်တယ် ကျောင်းစိမ်းပုဆိုးကို ချက်မပြုတ်ပဲ ခြေမျက်စိဖုံးအောင်ဝတ်ထားတယ် အသားလတ်လတ် အရပ်ကကျွန်တော့်ထက်မြင့်တယ် မျက်နှာကတည်တည်ကြည်ကြည်..

တစ်ခန်းလုံးက ကောင်မလေးတွေ သူ့ကိုကျိတ်ခိုက်တယ်ပေါ့ဗျာ အဲ ကျွန်တော်ခိုက်သွားတာလေးလဲ ပြောပြမယ်ဗျာ သူကမော်နီတာဆိုတော့ ဘာသာရပ်တိုင်း စာခေါ်ပေးရတယ် ကျွန်တော်ကလက်ရေးနှေးတယ် သူခေါ်သမျှအချိန်တိုင်း ကျွန်တော်မမှီလို့ တစ်ခြားတစ်ယောက်စီကနေ ပြန်ကူးရတယ်..

ပထမအစမ်း စာမေးပွဲဖြေတော့ သူနဲ့ကျွန်တော် ဘေးချင်းကပ်ကျတယ် ၂နာရီမေးခွန်း အချိန်သာစေ့သွားတယ် ကျွန်တော်ဖြေလို့မပြီးဘူး သူကဆူရော နင်လက်ရေးတော်တော်နှေးတယ် ငါစာခေါ်ရင်ရော ဘယ်လိုရေးလဲမေးတယ် ကျွန်တော်လဲမမှီဘူး သူများစီကပြန်ကူးတယ်ပြောလိုက်တယ်..

စာမေးပွဲပြီးလို့ ကျောင်းပြန်ဖွင့်တော့ သူစာခေါ်ရင် ကျွန်တော့်ဘေးနားလာထိုင်တယ် ကျွန်တော်ရေးလို့ပြီးမှ ဆက်ခေါ်တယ် ကျန်တဲ့ကောင်မလေးတွေ ဒေါကန်ပေမယ့် ကျွန်တော်ကပျော်တာပေါ့ ကိုယ်ခိုက်တဲ့ ကောင်လေးက ကိုယ့်ကိုဂရုစိုက်တာကို..

တကယ်တော့ သူကအဖြူရောင်ပါ ကိုယ့်သူငယ်ချင်းကောင်မလေး စာမမှီရင် စာမေးပွဲရောက်ရင် ဒုက္ခရောက်မှာစိုးရိမ်လို့ အကူအညီပေးတာပါ ဒါပေမယ့် ရင်ခုန်နေတဲ့သူအတွက့် ပီတိတွေပေါ့ဗျာ ၈တန်းတစ်နှစ်လုံး ကျောင်းတက်ရတာ တကယ်ပျော်စရာကြီးပါ.. 

ကိုးတန်းကျောင်းပြန်ဖွင့်တော့ ကျွန်တော်အသည်းကွဲရော ကျွန်တော့်မော်နီတာ မိန်းမခိုးပြေးသွားတဲ့သတင်းကြားရတာ သူ့ကောင်မလေးက တစ်ခြားလူမဟုတ်ဘူး ၈တန်းနှစ်မှ ကျွန်တော်တို့ ကျောင်းပြောင်းလာတဲ့ ဘီးအီးဒီကျောင်းဆင်းစ ဆရာမလေး..

ဆရာမလေးက အသက်ငယ်သေးတော့ ရှိလှ၂၅နှစ်ပေါ့ ဆရာမလေးက ကျွန်တော်တို့အတန်းပိုင်မဟုတ်ပေမယ့် ကျောင်းပြန်ရင် ကျောင်းသားကြီးတွေ စနောက်မှာစိုးရိမ်လို့ ကျွန်တော့်မော်နီတာကို လိုက်ပို့ခိုင်းတယ် နွေကျောင်းပိတ်မှ ဘယ်လိုဖြစ်ပြီး ခိုးပြေးကျလဲ မသိပါဘူးဗျာ သေချာတာက
ကျွန်တော့်အချစ်ဦးဇာတ်လမ်း တစ်ခန်းရပ်သွားတာပေါ့..

ကျောင်းဖွင့်တော့ ဆရာမလေးရော၊သူရော ကျောင်းပြောင်းသွားပါတယ်
ပြန်တွေးကြည့်ရင် ရင်ခုန်သံနွေးထွေးနေပေမယ့် သူ့နာမည် ကျွန်တော်မမှတ်မိတာကတော့ ရင်ထဲမကောင်းဘူးဗျာ..

By
Myheartbeat





No comments: